နှလုံးသွေးလွှတ်ကြောရောဂါ (ခ) စီအေဒီ

နှလုံးသွေးလွှတ်ကြောရောဂါ (ခ) စီအေဒီ
27

နှလုံးသွေးလွှတ်ကြောရောဂါ (Coronary Artery Disease- CAD) ဆိုသည်မှာအဘယ်နည်း။

နှလုံးသွေးလွှတ်ကြောရောဂါ (CAD) ဆိုသည်မှာ နှလုံးသွေးလွှတ်ကြောများတွင် ကိုလက်စထရောအခဲများ စုပုံလာခြင်းကို ရည်ညွှန်းသည်။ သွေးလွှတ်ကြောများသည် နှလုံးကြွက်သားများကို သွေးထောက်ပံ့ပေးရန် ‘ပိုက်များ’ သဖွယ် ဆောင်ရွက်ပေးသည်။ ထိုအခဲများတဖြည်းဖြည်းစုလာလျှင် သွေးကြောများတွင် သွေးစီးဆင်းမှုကို အတားအဆီးဖြစ်လာစေပါသည်။ သွေးကြောကျဉ်းမြောင်းလာသည့်အခါ ရင်ဘတ်နာခြင်း (သို့) ရင်ဘတ်ကိုဖိထားသကဲ့သို့သောရောဂါလက္ခဏာများကို ခံစားရနိုင်သည်။ ကိုလက်စထရောအခဲများ ပေါက်ပြဲသွားသည့်အခါ သွေးခဲများသည် ကိုလက်စထရောအခဲများပတ်ပတ်လည်တွင်ဖြစ်ပေါ်လာပြီး သွေးစီးဆင်းမှုကို ရုတ်တရက်ပိတ်ဆို့သွားစေပါသည်။ ထိုအဖြစ်အပျက်ကို နှလုံးဖောက်ခြင်းဟုလူသိများပါသည်။

CAD ကို ခွဲခြားသိနိုင်ရန် နည်းလမ်းပေါင်းများစွာရှိပါသည်။ ဆရာဝန်အချို့သည် ရောဂါလက္ခဏာရှိမှ ကုသပေးသော်လည်း တချို့ဆရာဝန်များသည် စောစီးစွာကုသမှုပေးနိုင်ရန် လူနာများကိုစစ်ဆေးပေးပါသည်။ နှလုံးဖောက်ပြီဆိုပါက နှလုံးကြွက်သားများ အတိုင်းအတာတစ်ခုအထိ ထိခိုက်ပျက်စီးတတ်ပါသည်။ ‘ကာကွယ်ခြင်းသည် ကုသမှုထက် ပိုကောင်းသည်’ ဆိုသောဆောင်ပုဒ်မှာ CAD အတွက် အလွန်မှန်ကန်ပါသည်။

ပထမဆုံးအနေဖြင့် လွယ်ကူသောစမ်းသပ်မှုများမှာ နှလုံးခုန်နှုန်းမြန်အောင်ပြုလုပ်ပြီး နှလုံးလှုပ်ရှားမှုစစ်ဆေးခြင်း (Stress Echo) နှင့် နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း (CTA) တို့ကိုပြုလုပ်တတ်ပါသည်။ အဓိကကုသမှုမှာ ဆေးဝါးများဖြစ်သော် လည်း CAD သိသိသာသာရှိသူများကို နှလုံးသွေးကြောကျဉ်းမကျဉ်းစစ်ဆေးမှု (Coronary Angiography) ကိုပြုလုပ်ရန် အကြံပြုတတ်ပါသည်။

စင်္ကာပူအပါအဝင် ကမ္ဘာ့နှလုံးအထူးကုဌာနများစွာတွင် Coronary Angiography ကို လူနာ၏ ပေါင်ရင်းရှိ  Femoral Artery သွေးကြောမှတစ်ဆင့် ဆေးသွင်း၍ သွေးကြောကျဉ်းမကျဉ်းစစ်ဆေးကြပါသည်။ သိသာထင်ရှားသော သွေးကြောကျဉ်းသည့်နေရာများကို လေပူဖောင်းဖြင့်ချဲ့ပြီး ပြွန်ထောက်ထည့်သွင်းပေးခြင်းဖြင့် ကုသပေးလျက်ရှိပါသည်။ ပိုပြီးခေတ်မှီလာသောအခါ ကျွမ်းကျင်နှလုံးဆရာဝန်ကြီးများသည် ပေါင်ရင်းရှိသွေးကြောအစား လက်ကောက်ဝတ်ရှိ Radial Artery ကို အသုံးပြုလာနိုင်သဖြင့် သွေးထွက်ခြင်းအန္တရာယ်နည်းပါးလာပါသည်။ လူနာများသည် စစ်ဆေးကုသမှုပြုလုပ်ပြီး သုံးနာရီအကြာတွင် ပုံမှန်ပြန်လည်လှုပ်ရှားနိုင်ပါသည်။ တစ်ချို့သွေးကြောကျဉ်းလူနာများ သွေးကြောလွှဲခွဲစိတ်မှုပြုလုပ်ရန်လိုအပ်ပါက နှလုံးခွဲစိတ်ဆရာဝန်ကြီးများမှ ဆက်လက်ကုသပေးပါသည်။ CAD လူနာများကို ဤနည်းဖြင့် သက်သောင့်သက်သာနှင့်ပိုမိုတိကျစွာ စစ်ဆေးကုသပေးလျက်ရှိပါသည်။